အားလုံး မင်္ဂလာပါ.... လာရောက်လည်ပတ်တေ လူတိအားလုံးကို ဝမ်းမြောက်ဝမ်းသာနန့် ကြိုဆိုပါရေ...

Wednesday 10 October 2012

မြောက်ဦးနှင့် သံတွဲတွင် ရခိုင်လူထုအစည်းအဝေးဆုံးဖြတ်ချက်များအား ထောက်ခံ၊ ရှင်းလင်းပွဲများပြုလုပ်



မြောက်ဦးမြို့နှင့် သံတွဲမြို့တို့တွင် ရသေ့တောင်မြို့တွင် ကျင်းပခဲ့သည့် ရခိုင်လူထုအစည်းအဝေး၏ ဆုံးဖြတ်ချက်များကို ထောက်ခံ ရှင်းလင်းပွဲတစ်ရပ်အား ယခုသတင်းပတ် တနင်္လာနေ့က ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
ရသေ့တောင် လူထုအစည်းအဝေးက ချမှတ်လိုက်သော တောင်းဆိုချက်၊ ကန့်ကွက်ချက်များကို မြောက်ဦးမြို့တစ်မြို့လုံးက ထောက်ခံကြိုဆိုသည့်အနေဖြင့် ထောက်ခံပွဲကို မြောက်ဦးမြို့ အလိုတော်ပြည့်ကျောင်းတွင် နေ့လည်(၁)နာရီခွဲမှ ညနေ(၄)နာရီထိ (၉)မြို့နယ်လုံးဆိုင်ရာ ကြီးကြပ်ထိန်းသိမ်းရေအသင်းမှ ဦးဆောင်ကျင်းပခဲ့ပြီး ဒေသခံလူထု (၁၀၀၀)၀န်းကျင်ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။


"အဓိက ရသေ့တောင်က တောင်းဆိုလိုက်တဲ့အချက်၊ အားရကျေနပ်မှု ရှိတဲ့အချက်က ဘင်္ဂလီတွေနဲ့ အတူယှဉ်တွဲမနေနိုင်တာတွေ၊ OIC ရုံးတွေကို ရခိုင်ပြည်မှာ ရုံးစိုက်ဖို့ ကန့်ကွက်တဲ့အချက်တွေကို ပရိတ်သတ်တွေက အားရကျေနပ်ကြပါတယ်။ ပြီးတော့ အခုအခမ်းအနားမှာ တက်ရောက်လာကြတဲ့ သူတွေရဲ့ ထောက်ခံချက် လက်မှတ်တွေကိုလည်း ကျနော်တို့ ရသေ့တောင်ကိုပို့ပါမယ်"ဟု မြောက်ဦးလူငယ်ကွန်ယက်မှ အတွင်းရေးမှူးက ပြောသည်။

ယင်းထောက်ခံပွဲတွင် ဒေသခံလူပေါင်း(၁၀၀၀)၀န်းကျင်မှ ထောက်ခံလက်မှတ်များကို ရသေ့တောင်သို့ပို့ပြီး တစ်ခြားမြို့နယ်မှ ပို့လာသော လက်မှတ်များနှင့်စုစည်းပြီး နိုင်ငံတော်အစိုးရဆီသို့ ပို့ရန် စီစဉ်ထားကြောင်း သိရှိရသည်။
ရသေ့တောင် ရခိုင်ဒေသ လူထုအစည်းအဝေးနှင့် ရခိုင်ပြည်နယ်တစ်ဝန်းလုံးမှာ နေထိုင်ကြသော လူထုများအားလုံး၏ သဘောဆန္ဒတစ်ခုလုံးကို မည်ကဲ့သို့ ဆုံးဖြတ်ချက်ချသည်ဆိုခြင်းကို သိရှိလိုနေကြသော သံတွဲပြည်သူများအတွက်လည်း အရှင်ကုသလမှ ရှင်းလင်းပွဲတစ်ခုကို သံတွဲမြို့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ယင်းရှင်းလင်းပွဲအခမ်းအနားကို သံတွဲမြို့ မျိုးချစ်လူငယ်တစ်စုမှ ဦးဆောင်ကျင်းပခဲ့ပြီး ရသေ့တောင် ရခိုင်လူထုအစည်းအဝေးသို့ တက်ရောက်ခဲ့သော အရှင်ကုသလမှ ၄င်း၏အတွေ့အကြုံနှင့် အစည်းအဝေး၏ ဆုံးဖြတ်ချက်များနှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။

"လူထုအစည်းအဝေးကို သံတွဲဒေသခံတွေအားလုံး ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြပါတယ်။ အစည်းအဝေးရဲ့ ဟောပြောချက်တွေကို အားလုံးသဘောကျကြပါတယ်။ အားလုံးကလည်း ထောက်ခံကြပါတယ်။ အစည်းအဝေးကြီးရဲ့ ကန့်ကွက်ချက်နဲ့ တောင်းဆိုချက်တွေကိုလည်း သံတွဲမြို့လူထုတွေက အားရကျေနပ်စွာ သဘောတူကြပါတယ်"ဟု အရှင်ကုသလက ပြောသည်။

ရသေ့တောင်လူထုအစည်းကို ဒေသခံအာဏာပိုင်များက ပိတ်ပင်တားဆီးခဲ့သော်လည်း ရခိုင်ပြည်နယ်မြို့နယ်အသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်လာကာ မဖြစ်မနေ စက်တင်ဘာလ (၂၅)၊ (၂၆)ရက် နှစ်ရက်တိုင်တိုင် အောင်မြင်စွာကျင်းပခဲ့ပြီး ယင်းအစည်းအဝေးမှ တောင်းဆိုချက်(၁၈)ချက်၊ ကန့်ကွက်ချက်(၆)ချက်၊ အကြံပြုချက်(၃)ချက် ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီး ပြည်ထောင်စုအစိုးရနှင့် နိုင်ငံရေးပါတီများသို့ ပေးပို့ခဲ့ကြောင်း သိရှိရသည်။

By ; မင်းသွီး

No comments:

Post a Comment

Note: only a member of this blog may post a comment.

back to top