အားလုံး မင်္ဂလာပါ.... လာရောက်လည်ပတ်တေ လူတိအားလုံးကို ဝမ်းမြောက်ဝမ်းသာနန့် ကြိုဆိုပါရေ...

Monday 21 May 2012

ကျွန်တော်ကတော့ ပန်းချီပဲရေးသွားမယ် (မြောက်ဦးက ပန်းချီဆရာ)


               ဆောင်း၏ မြူနှင်းတွေက ပတ်ဝန်းကျင်မြင်ကွင်းတစ်ခုလုံး၌ လွင့်မျောကာ ပြန့်ကျဲလျက်ရှိသည်။ မြောက်ဦး၏ မြက်ခင်းပြင်တွေမှာ နှင်းသီးလေးတွေတွဲခိုလျက်ရှိကြသည်။ ပတ်ဝန်းတစ်ကျင်တစ်ခုလုံး ကလည်း ဆောင်း၏ဒဏ်ကြောင့် အေးစိမ့်နေသည်။

       သူ့ပြခန်းလေးက မြောက်ဦးမြို့ရှိ သျှစ်သောင်းဘုရားအလွန်ထုက္ကန့်သိမ်ပုထိုးတော်ကြီး အနီး တွင်ရှိသည်။ သူ့ပြခန်းလေး၏ ခြံဝင်းအဝင်ဝကနေ လှမ်းကြည့်လိုက်လျှင် မြောက်ဦး၏
အထင်ရှားဆုံး ရှေးဟောင်းသမိုင်းဝင် ဘုရားများဖြစ်သည့် ထုက္ကန့်သိမ်၊ လေးမျက်နှာ၊ သျှစ်သောင်းပုထိုးများကို အထင်အရှားတွေ့မြင်ရသည်။ မြက်ခင်းပြင်တွေစိမ်းစိမ်းစိုစိုနှင့် အနီးရှိ တန်ခိုးကြီးဘုရားများမှာ သူ့ပန်းချီပြခန်လေးနှင့် ပနံရနေလေသည်။

 မြောက်ဦးမြို့မှ စာပေမိတ်ဆွေတစ်ဦးဖြစ်သူ ကိုကျော်စိန်သန်းနှင့် မိမိတို့နှစ်ယောက် သူ့ဆီရောက်သွားတော့ ကြိုတင်ချိန်းဆိုထားသည့်အတိုင်း မိမိတို့အား အသင့်စောင့်ကြိုနေတာ  တွေ့ရသည်။

   အဲသည်အချိန်က မိမိမှာသူ့ပြခန်းလေးကို ဝင်လိုက်သည်နှင့်တပြိုင်နက် အမည်မဖော်ပြ တတ် သောရသတွေကို ခံစားလိုက်ရပါသည်။ သူ့ပြခန်းလေးမှာ ပန်းချီကားမြောက်မြားစွာကို ခင်းကျင်း ပြသထားပါသည်။ ယင်းပန်းချီကားများမှာ အိုမင်းမှု သင်္ကေ တတွေနှင့် ရှေးရာစုနှစ်ပေါင်းများစွာတည်း က ရှိနေခဲ့ သည့် မြောက်ဦးမြို့၏ ရှေးဟောင်းအနုပညာလက်ရာတွေကို ဆန်းသစ်သောရှုထောင့်များ ဖြင့် တင်ပြထားခြင်းကြောင့် ဖြစ်ပါသည်။

           “ ကျွန်တော်က မြောက်ဦးနဲ့ပတ်သက်တဲ့ကားတွေချည်း အရေးများတော့ ဘာ့ကြောင့်လဲဆို တာ ခဏခဏ အမေးခံရဖူးတယ်။ မြောက်ဦးနဲ့ပတ်သက်ပြီး ကျွန်တော် ခရေဇီ ဖြစ်တာက ကျွန်တော်ဟာ မြောက်ဦးမှာမွေးတယ်။ မြောက်ဦးမှာ ကြီးပြင်းတယ်။ မြောက်ဦးက ဝထ္ထုပစ္စည်းတွေနဲ့ အမြဲထိတွေ့နေရတယ်။ ဘယ်ခရေဇီ မဖြစ်ဘဲနေပါ့မလဲလေ။ ပြီးတော့ ကျွန်တော်တို့မှာ ဘာသာ သာသနာရှိခဲ့တဲ့နေရာပဲ။ အဲဒါကြောင့်ကျွန်တော်က မြောက်ဦးအကြောင်းပဲ ရေးနေချင်တာပါ။ ပြီးတော့ မြောက်ဦးဟာ ရာသီတိုင်းမှာ လှတယ်။ မိုးခါလည်း မိုးခါအလျောက်၊ ဆောင်းလည်း ဆောင်းအလျောက်၊ နွေလည်းနွေအလျောက် လှတယ်။ နောက်ပြီးတော့ မြောက်ဦးမှာ တခြားဒေသတွေနဲ့မတူတဲ့ ထူးခြားချက်တွေရှိနေတယ်။ အဲဒီ ထူးခြားချက်တွေကို တခြားလူတွေ ခံစား စေချင်လို့ ခံစားတင်ပြနေတာဖြစ်ပါတယ် ” ဟု သူက ဆိုပါသည်။

             မြောက်ဦးမြို့ရှိ ရှေးဟောင်း အနုပညာ လက်ရာများအား ဆန်းသစ်စွာ တင်ပြထားသော သူ့ပန်းချီပြခန်းထဲတွင် တအံ့တသြ ဖြစ်နေသော မိမိအား အထက်ပါစကားများပြောနေသူမှာ အခြားသူမဟုတ်။ မကြာမီလများအတွင်းက ပန်းချီပညာနှင့်ပတ်သက်၍ ဥရောပနိုင်ငံများသို့ သွားရောက်လေံလာခဲ့သူ ပန်းချီ ရွှေမောင်သာပင်ဖြစ်ပါသည်။

***    ****    ****    ****    ****    ****    ****    ****    ****    ****    ****

  ပန်းချီ ရွှေမောင်သာကို ၁၉၅၅ ခုနှစ်၊ မတ်လ ၂၁ ရက်တွင် ရခိုင်ပြည်နယ် မြောက်ဦးမြို့၌ မွေးဖွားခဲ့ပြီး မွေးချင်း (၆) ယောက်အနက် အကြီးဆုံးသားဖြစ်သည်။ ငယ်စဉ်က မြောက်ဦးမြို့မှာပင်

ပညာသင်ကြားခဲ့ပြီး ၁၉၇၃ ခုနှစ်တွင် မတ်ထရစ်ဆယ်တန်းအောင်သည်။ ယင်းနောက် မြောက်ဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် အစိုးရဝန်ထမ်း ဝင်လုပ်ခဲ့သည်။

           သူ့မှာ ငယ်စဉ်ကပင် ပန်းချီသမားတစ်ယောက်ဖြစ်လာရန် ရည်ရွယ်ချက်ရှိခဲ့သည်။ ထို့ကြောင့် ကျောင်းနေစဉ် ကာလနှင့် အစိုးရဝန်ထမ်းဘဝများတွင် မြောက်ဦးမြို့ရှိ နီးစပ်ရာ ဆရာသမားများထံတွင် ဆိုင်းဘိုး ပန်းချီပညာကို လေ့လာသင်ယူခဲ့သည်။ သူ၏ဘဝ အစောပိုင်း ကာလများတွင် ပန်းချီရေးခြင်းအတတ်ပညာအား စေ့ငုသေချာစွာ လေ့လာနိုင်ခြင်းမရှိခဲ့ဟုဆိုသည်။ သို့သော် ၁၉၉၅ ခုနှစ်ကစပြီး ယခုနှစ်အထိ ရန်ကုန်မြို့ရှိ ဆရာဝင်းဖေမြင့်ထံတွင် တစ်နှစ်လျှင် တစ်လခွဲကပင် ခုနစ်လအထိ နှစ်စဉ် သွားရောက်သင်ယူခဲ့သည်ဟုဆိုသည်။

          “ ပန်းချီပညာနဲ့ပတ်သက်ပြီး စနစ်တကျ သင်ပေးခဲ့တာက ဆရာဝင်းဖေမြင့် တစ်ယာက်ပဲရှိပါတယ်။ ပထမဆုံး Compose ဖွဲ့စည်ုးံ့၊ ကာလာ၊ ပြီးတော့ သီအိုရီ နဲ့ပတ်သက်လို့ ဆရာက အကုန်လုံးသင်ပေးခဲ့တာ။ ပန်းချီနဲ့ပတ်သက်တဲ့ Technique နဲ့ပတ်သက်လို့လည်းသင်ပေး တယ်။ ဆေးအချိန်အဆ၊ ရေအချိန်အဆ အကုန်လုံးသင်ပေးတယ်။ နောက်ဆုံး ဆီဆေး၊ ရေဆေးမကလို့ Penstal ရေးနည်း Technique တွေပါသင်ပေးခဲ့တာပါ ” ဟုသူက ရှေးဟောင်းနှောင်း ဖြစ်ကို သတိရဖွယ် ပြန်လည်ပြောပြသည်။

            အစိုးရဝန်ထမ်း တစ်ဘက်ဖြင့် မြောက်ဦးမှာ ပန်းချီရေးနေရင်း ဘဝတစ်လျှောက်လုံးပန်းချီကို ဇောက်ချရေးသွားရန်အတွက် ၁၉၉၃ ခုနှစ် ဒီဇင်ဘာတွင် အစိုးရဝန်ထမ်းဘဝမှ နှုတ်ထွက်ခဲ့သည်ဟု ဆိုသည်။

            “ ပန်းချီအလုပ်ဆိုတာ ထမင်းစားဒရေးအလုပ်ထက် လေးနက်တယ်။ ကိုယ်ဖြတ်သန်းရာဘဝ မှာ အောင်မြင်ချင် အောင်မြင်မယ်။ ရှုံးနိမ့်ချင် ရှုံးနိမ့်မယ်။ အတိအကျ ပြောလို့မရဘူး။ ပန်းချီကိုရေးနေ ရင်း ခရေဇီဖြစ်လာပြီး ပန်းချီမှာနှစ်ပြီး လုပ်ချင်စိတ်ပေါက်လာတယ်။ ဘဝမှာ စိတ်ချမ်းမြေ့မှုကို ဒီပန်းချီ ကပဲ ပေးစွမ်းနိုင်တာပါ။ ပြီးတော့ ကိုယ့်စိတ်မှာ ဖြစ်ပေါ်လာတဲ့ချင်ခြင်းတွေကို ဖန်တီးလို့ရတယ်။ အဲဒါကြောင့် တခြားဟာတွေစွန့်ပြီး ပန်းချီကို ရေးခဲ့တာဖြစ်တယ် ” ဟုသူ့ခံယူချက်ကို ဆိုပြန်သည်။

           ပန်းချီနယ်ပယ်မှာရယ်လို့မဟုတ် အခြားမည်သည့် နယ်ပယ်မှာဖြစ်စေ အလုပ်တစ်ခုတွင် အောင်မြင်ရန်အတွက် (၁) အချိန်ကို စနစ်တကျ အသုံးချတတ်ရန်၊ (၂) ယင်းအလုပ်နှင့်ပတ်သက်ပြီး တစိုက်မတ်မတ် လုပ်ဆောင်ရန်၊ (၃) ယင်းနှင့်ပတ်သက်ပြီး နည်းနိဿျများကို သိရှိထားရန်၊ (၄) ယိုင်နဲ့မသွားရန်တို့ လိုအပ်ကြောင်း ပန်းချီရွှေမောင်သာကဆိုပါသည်။ ထို့ကြောင့် သူ့ခံယူချက်ကပင် သူ့အား ပန်းချီနှင့်ပတ်သက်ပြီး အောင်မြင်ရေးတံခါးပေါက်ဆီသို့ အရောက်ပို့ပေးခဲ့သည်ဟု ဆိုရပေမည်။

           သူ့ပန်းချီသမား သက်တမ်းတစ်လျှောက် ပြည်တွင်းပြည်ပများ၌ တစ်ကိုယ်တော် ပန်းချီပြပွဲနှင့် Group Show ပွဲများစွာ ပြုလုပ်ခဲ့ရသည်။

          ၂၀၀၆ ခုနှစ်က ရန်ကုန်မြို့ သံလွင်လမ်းထိပ်ရှိ ‘လောကနတ်’ New Treasure Art Gallery တွင် နာမည်ဘကီးပန်းချီဆရာများဖြစ်ကြသည့် ဝင်းဖေမြင့်၊ ခင်မောင်မြင့်၊ စိုင်းဝေလျံ၊ အေးငြိမ်းမြင့်၊ ကျော်လင်းနှင့် အခြားနာမည်ကြီး ပန်းချီဆရာများနှင့်တွဲဖက်ပြီး Group Show ပြပွဲတစ်ခု ပြုလုပ်ခဲ့သည်။ ထို့နောက် ၂၀၀၈ ခုနှစ်က သမ္မတဟိုတယ်တွင် ပန်းချီမောင်ကျော်ညွန့်၊ ပန်းချီသန်းမြင့်အောင် တို့နှင့်တွဲဖက်ပြီး ‘သာစွရခိုင်’ ရခိုင်ကားသက်သက် ပြပွဲတစ်ခုကိုလည်း ပြုလုပ် ခဲ့သည်။ ထို့နောက် ၂၀၀၉ ခုနှစ်။ အောက်တိုဘာလတွင် ရန်ကုန်မြို့ ရခိုင်ဓမ္မာရုံ၌ တစ်ကိုယ်တော်ပြပွဲ တစ်ခုကိုလည်း ပြုလုပ်ခဲ့သေးသည်။

             ပန်းချီရွှေမောင်သာမှာ မြောက်ဦးတွင် ပန်းချီရေးနေရင်း ၂၀၀၀ ခုနှစ်က သြစတြေးလျနိုင်ငံ သံအမတ်ကြီးနှင့် ရင်းနှီးခဲ့သည်။ သံအမတ်ကြီး၏ တောင်းဆိုချက်အရ သူ၏ ပန်းချီကားများအား သံအမတ်ကြီးကပင် သြစတြေးလျနိုင်ငံ ကင်မရွန်၌ တစ်ကိုယ်တော်ပြပွဲများကို ၂၀၀၅ ခုနှစ်၊ ဇန်နဝါရီလနှင့် ၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလများတွင် နှစ်ကြိမ်တိုင်တိုင် ပြုလုပ်ပေးခဲ့သည်။ သို့သော် ပန်းချီရွှေမောင်သာမှာ အဆိုပါပွဲများအား ကိုယ်တိုင်တက်ရောက်နိုင်ခြင်းမရှိခဲ့ဟုဆိုပါသည်။

             “ ကိုယ်ဖန်တီးထားတဲ့ အနုပညာပစ္စည်းတွေကို နိုင်ငံခြားမှာ တင်ပြခွင့်ရတာကတော့ ကိုယ့်နေရာ ကိုယ့်ဒသက အကြောင်းအရာတွေကို နိုင်ငံခြားမှာ ကိုယ့်အနုပညားအတွက်ေ၇ာ၊ ကိုယ့်လူမျိုးအတွက်ပါ ဝမ်းသာမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တို့မှာ ဒီလိုရှိခဲ့တယ်။ ဒီလိုရှိနေ တယ် ဆိုတာကို အများသိစေချင်တဲ့အတွက်ပါ။ သူတို့အတွက် ဒေသန္တရ ဗဟုသုတရသလို သူတို့ အလည်လာချင်စိတ်ကိုလည်း နှိုးဆွသလိုဖြစ်နေတယ်။ အနုပညာဆိုတာ တိုင်းပြည်အတွက်ဖြစ်တယ် ဆိုတာ မျိုးပေါ့။ အဲဒီအနုပညာက ရလာဒ်ဟာ တစ်ဦးတည်းအတွက်မဟုတ်တော့ဘူး။ တိုင်းပြည်တစ်ခုလုံးနဲ့ဆိုင်သွားပြီလေ။ အဲဒါဟာ အကျိုးအမြတ်ပဲ” ဟု သူကဆိုသည်။

                သည်နေရာတွင် အနုပညာလောကမှာ အတော်လေးဂယက်ရိုက်ခဲ့သည့် အနုပညာသည် မည်သူ့အတွက်လဲ ဆိုသည့် မေးခွန်းပြဿနာကို သတိရမိပါသည်။ ယင်းပြဿနာကို မြန်မာနိုင်ငံတွင် အယူအဆ အမျိုးမျိုးဖြင့် ဖြေရှင်းခဲ့ကြသည်။ ဖြေရှင်းနောကဆဲလည်းဖြစ်ပါသည်။ ယင်းကို ပန်းချီရွှေမောင်သာက ပန်းချီအနုပညာရှုထောင့်မှနေ၍  သူ့အယူအဆကိုရှင်းပြသည်။

                “ပန်းချီပညာနဲ့ပတ်သက်ပြီး ပြောရရင် အနုပညာဆိုတာ Culture for all. အားလုံး အတွက်ပါပဲ။ ယဉ်ကျေးမှုတစ်ခုဟာ ကိုယ့်လူမျိုးအတွက်သာ မဟုတ်ဘူး။ ကမ္ဘာကြီးမှာရှိတဲ့ လူသားတိုင်းနဲ့ဆိုင်တယ်။ လူသားတိုင်းဟာ ကိုယ့်လူမျိုးရဲ့အနုပညာကို လေးစားရုံမျှမက တစ်ခြားသူတွေရဲ့အနုပညာကိုလည်း လေးစားရမယ်။ အနုပညာသမားဆိုတဲ့သူကလည်း ကိုယ်ဖန်တီးလိုက်တဲ့ အနုပညာဟာ ကွင်းလေးပါးလွတ်ရမယ်။ ဆိုလိုတာက အနုပညာဟာ တိုင်းပြည်အတွက်လို့ဆိုရင် အဲဒီအနုပညာဟာ တိုင်းပြည်ဆိုတာထဲမှာ တိုင်းပြည်နဲ့ ပတ်သက်တဲ့ ကိုယ်စားပြုမှုအပေါ်မှာ မူတည်သွားတယ်။ ပိုစတာတို့၊ အသိပညာတစ်ခုခုနဲ့ ပတ်သက်ပြီး ရေးရတဲ့ပိုစတာမျိုး။ အဲဒါတွေကို တိုင်းပြည်အတွက်လို့ ဆိုရမှာလား။ အခြားရိုးရာယဉ်ကျေးမှုတွေနဲ့ ပတ်သက်တဲ့ ပန်းချီကားတွေကျတော့ရော တိုင်းပြုပြည်ပြု လို့ ဆိုလိုပမရနိုင်ဘူးလား။ ဒါဟာ အနုပညာသမားတစ်ယောက်ရဲ့ ခံစားချက်နဲ့ရေးလိုက်တာဖြစ်တယ်။ အဲဒါဟာ အနုပညာသမား တစ်ဦးတည်းအတွက်ပဲလား။ တစ်ခြားလူတွေခံစားလို့ မရဘူးလား။ ရခိုင်လူမျိုးရဲ့ ယဉ်ကျေးမှုတစ်ခုဖြစ်တဲ့ ဆီမီးခွက်အကဟာ တိုင်းရင်းသားတစ်စုရဲ့ ယဉ်ကျေးမှုသရုပ်ကို ရေးထားတဲ့
ပန်းချီကားဟာ တိုင်းပြုပြည်ပြုကို ဖော်ထုတ်ရာ မရောက်ဘူးလား။ ဒီနေရာမှာ အနုပညာရဲ့တန်ဖိုးကိုကျတော့ ငွေကြေးနဲ့ တိုင်းတာလို့တော့ မရဘူး။ အနုပညာရဲ့ တန်ဖိုးနဲ့ပဲ တိုင်းတာရလိမ့်မယ်။ အဲဒါဟာ အနုပညာသမားရဲ့ ခံစားချက်နဲ့ဆိုင်သွားတယ်။

                ရောင်းတမ်းဝင်ဖို့အတွက် ရေးတဲ့ပန်းချီကားနဲ့ ကိုယ့်စိတ်မှာ ရှိတဲ့ဟာကိုနှစ်ပြီး ရေးတဲ့ ပန်းချီကားဟာ မတူဘူး။ ဥပမာ- အပ်ထည်ဆိုပါစို့။ အဲဒီသူဟာ ဘာကိုကြိုက်တတ်လဲ ကိုယ်က တီးခေါက်မိထားတယ်။ သူပြောတဲ့ Post နဲ့ရေးလိုက်တယ်။ အဲဒါကတော့ အားစိုက်စရာ မလိုဘူး။ သို့သော် ကိုယ်ပိုင်ဟန်မဟုတ်။ ကိုယ်အသုံးချခံလိုက်ရတာကို ကိုယ်မသိလိုက်ဘူး။ အဒါမျိုးလည်းရှိ တယ်။ တကယ်က ကိုယ်ခုတုံးခံလိုက်ရတာလေ။ ရှင်းရှင်းပြောရရင် သူများခိုင်းတာကို ရေးရင် သူ့အတတ်ပညာကို ထည့်ပေးနိုင်ပေမယ့် အနုပညာဆန်တဲ့ ပန်းချီကားတစ်ချပ်တော့ ဖြစ်လာမှာမဟုတ်ဘူး။ အဲဒါကတော့ အသေအချာပဲ။ အနှစ်ချုပ်လိုက်ရင်တော့ အနုပညာဆိုတာ အားလုံးအတွက်ပဲဖြစ်ရမယ်” ဟု အနုပညာနှင့်ပတ်သက်၍ သူ၏ အမြင်ကို ရှင်းပြပါသည်။

                မိမိတို့ယခုရောက်ရှိနေသည့် မြောက်ဦးမြို့ ထုက္ကန့်သိမ်ပုထိုးတော်ကြီးအနီးရှိ ပန်းချီပြခန်း လေးမှာ ၂၀၁၀ ခုနှစ်။ စက်တင်ဘာလက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ပိတ်ရက်မရှိ ဖွင့်လှစ်ထားသော ပြခန်းတစ်ခုလည်းဖြစ်သည်။ ပြခန်းတွင် မြောက်ဦး၏ ပန်းချီကား ၁၀၀ နီးပါးပြသထားသည်။ ယခုပြခန်းဆောက်လုပ်ရခြင်းရည်ရွာ်ချက်ကိုလည်း ပန်းချီရွှေမောင်သာက ဆက်လက် ရှင်းပြပါသည်။

              “ အဓိက ကတော့ ကိုယ်ခံစားရတဲ့ခံစားချက်တွေကို တစ်ခြားသူတွေကို တစ်ဆင့် ခံစားစေချင်တဲ့အတွက် ဒီ Gallery လေးကို ဆောက်လုပ်ခဲ့တာပါ။ တစ်ဘက်က ရောင်းတယ်ဆ်ုရာမှာ လည်း သင့်တင့်မျှတတဲ့ ဈေးနဲ့ရောင်းတာပါ။ ရန်ကုန်ဈေးရဲ့ နှစ်ဝက်တစ်ဝက်ပဲရှိပါတယ်။ ပန်းချီကား တွေကိုတော့ တိုးရစ်တွေဝယ်သလို လိုကယ်တွေလည်း ဝယ်ပါတယ်။ မနှစ်တုန်းကဆိုရင် ထူးထူးခြား ခြား လိုကယ်တွေ ဝယ်တာတွေ့ရတယ်။

              ဒီနှစ်မှာတော့ ပြခန်းလေးမှာ တစ်ခြား စတေလိုက်တွေ၊ သစ်သီးဖနှံတွေကိုထက် မြောက်ဦးနဲ့ ပတ်သက်တဲ့ ပန်းချီကား၊ မြောက်ဦးရှုခင်း၊ ရှင်းရှင်းပြောရရင် မြောက်ဦးလို့ ထင်ဟပ် နိုင်အောင် မြောက်ဦးသဘာဝနဲ့ အနီးစပ်ဆုံး မြောက်ဦးရဲ့ အငွေ့ အသက်ကိုပေးနိုင်တဲ့ ပန်းချီကားမျိုး ပေါ့။ မြောက်ဦးနေဟာ ဘယ်လောက်ပူသလဲ အဲဒီ အခြေအနေရောက်အောင်၊ မြောက်ဦးမိုး ဘယ်လောက်ရွာသလဲ အဲဒီခံစားမှုမျိုး ခံစားနိုင်အောင် ကြိုးစားရေးဖို့ တော့ အစီအစဉ်ရှိပါတယ်” ဟု ပြေပြသည်။

ပန်းချီရွှေမောင်သာက မိမိတို့နှစ်ဦးအား ထိုင်၍ ရှင်းပြနေစဉ် ရုတ်တရက် ထလိုက်ကာ ပြခန်းလေး၏ ထောင့်တစ်နေရာတွင် ဘောင်ရိုက်လျက် ထောက်ထားသော ပလိန်းတစ်ချပ်ကို ကိုင်၍ ပြသည်။ ယင်းမှာ ရခိုင်ပြည်နယ်၏ အဓိကမြစ်ကြီးတစ်စင်းတွင်ပါဝင်သည့် လေးမြို့မြစ်၊ လေးမြို့သဘာဝနှင့် ယင်းမြစ်ကိုမှီခိုကာ လုပ်ကိုင်စားသောက်နေကြသည့် ရခိုင်လူမျိုး၊ ချင်းလူမျိုးများ၏ ဘဝသရုပ်များကို ပေါ်လွင်အောင်ရေးဆွဲမည့် ကားဖြစ်ကြောင်း ဆိုသည်။

ပန်းချီကားတစ်ခုကိုဖန်တီးရာတွင် ဒေသကွာဟမှုအလိုက်ဖန်တီးမှုပုံစံကလည်း ကွာဟနိုင် သည်ဟု သူကဆိုသည်။ ဆိုလိုသည်က ဒေသတစ်ခု၏ပန်းချီကားသည် ယင်းဒေသမှလူမျိုး၏ ကာရိုက်တာ၊ ယင်းဒေသမှ Atmosphara Colour ပါကိုပါရမည်ဖြစ်သည်။ ယင်းဒေသမှအငွေ့အသက်များပါတော့မှ ယင်းပန်းချီကားသည် သူတို့နှင့်နီးစပ်သည့် အနုပညာဆန်သော ပန်းချီကားတစ်ခုဖြစ်လာ မည် ဖြစ်သည်။ ထို့ကြောင့် ပန်းချီရွှေမောင်သာမှ ပန်းချီကားတစ်ခုရေးမည်ဆိုလျှင် ယင်းနေရာသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာပြီး ရေးဆွဲသည်ဟုဆိုသည်။

“ဒီမြောက်ဦးမှာ တချို့တချို့ဒေသနဲ့ မတူတာတွေရှိပါတယ်။ ဥပမာဆိုပါစို့။ တောကြီးတချို့ထဲ မှာ ဘုရားအို၊ ဘုရားပျက်တွေကြည့်လိုက်ရင် ကြောက်ဖို့ကောင်းသလိုလို၊ လွမ်းစရာကောင်းသလိုလို၊ ချုံတောတွေထဲမှာ ဘုရားအကျိုးအပျက်တွေ။ အဲဒါသည်ပင် မြောက်ဦးရဲ့ဆွဲဆောင်မှုတစ်ရပ်လို့ ကိုယ်ကခံယူထားတယ်။ အဲဒါကြောင့် ကိုယ့်အနေနဲ့ ချောင်ကြိုချောင်ကြားတွေကို သွားရတာတွေရှိ တယ်။ တစ်ခါတစ်ခါကျရင် မနက်ပိုင်းနေရောင်ခြည်သိပ်လှနေတဲ့ ထုက္ကန့်သိမ်ပုထိုးကို ထိုင်ရေးတယ်။ နေပူအခြောက်ခံပြီးတော့လဲရေးတယ်။ မြောက်ဦးနေဟာ ဘယ်လောက်ပူသလဲ။ အဲဒါကိုသိချင်လို့ ထိုင်ရေးတာတွေရှိတယ်။

လွန်ခဲတဲ့နှစ်က မြို့လည်မှာရှိတဲ့ ဟာရီတောင်ကနေ နေ၀င်တာ ဘယ်လိုအပြောင်းအလဲဖြစ်မ လဲဆိုတာကို သိချင်လို့ ဟာရီတောင်ကို ၂၄ ရက်တိတိတက်ခဲ့တယ်။ ညနေ ၅ နာရီနဲ့ ၅ နာရီခွဲလောက် မှာ နေ့စဉ်တက်ခဲ့တာပါ။ ဘာဖြစ်လို့လဲဆိုတော့ နေ့တစ်နေ့ရဲ့အခြေအနေဟာ နောက်တစ်နေ့ရဲ့အခြေ အနေနဲ့ တူချင်မှတူမှာလေ။ မိုးတွင်းပိုင်းအခြေအနေနဲ့ ဆောင်းတွင်းပိုင်းအခြေအနေမတူသလို ဆောင်းနဲ့နွေအခြေအနေဟာလည်း တူမှာမဟုတ်ဘူး။ အဲသလိုကွဲပြားတာတွေကို လိုက်ရှာခဲ့တာပါ။ အဲ သလို Nature Searching မလုပ်လို့ကိုမရဘူး။ သဘာဝဆန်တဲ့ပန်းချီကားတစ်ခုဖြစ်ဖို့အတွက် သီအိုရီ နဲ့ သဘာဝအကြောင်းကို သိဖို့လိုတယ်လေ။ သဘာဝအကြောင်းကို မသိလို့ကိုမရဘူး။ စိတ်ကူးယဉ် ဆန်တာထက် သဘာဝနဲ့နီးစပ်တဲ့ ပန်းချီကားက ဆွဲဆောင်မှုပိုရှိတာမဟုတ်လား”ဟု သူကဆိုပြန် သည်။

ယင်းနှင့်ပတ်သက်၍ သူ့အတွေ့အကြုံတစ်ခုကိုလည်း သူကပြောပြသည်။

“လွန်ခဲ့တဲ့နှစ်က ကနေတာက “ကာရော့”ဆိုတဲ့ ပရောဖက်ရှင်နယ် ပန်းချီသမားတစ်ယောက် မြောက်ဦးကိုရောက်လာတယ်။ သူက ရှုခင်းတွေကိုအရေးများတဲ့ ပန်းချီသမားတစ်ယောက်။ သို့သော် သူက ဓါတ်ပုံကိုကြည့်ရေးတာများတယ်ဆိုတော့ သူ့ပန်းချီကားတွေကို သူကမကျေနပ်နိုင်ဖြစ်နေတယ်။ သူကကျွန်တော့ဆီရောက်လာတော့ ကျွန်တော့ကိုပြောတယ်။ ခင်ဗျားပန်းချီကားတွေဟာ သဘာဝနဲ့ နီးစပ်တယ်တဲ့။ ငါ့ပန်းချီကားတွေကျတော့ သဘာဝနဲ့မနီးစပ်ဘူးတဲ့။ ငါ ခင်ဗျားဆီလာရဦးမယ်တဲ့။ ကျွန်တော်က ခင်းဗျားဘယ်လိုရေးလဲမေးတော့ ငါဓါတ်ပုံကိုရေးတာတဲ့။ ဒီတော့ ကျွန်တော်ကလည်း ခင်ဗျားဓါတ်ပုံကို မရေးနဲ့။ ဓါတ်ပုံကိုမှီးရုံလောက်ပဲရေး။ အဓိကက ခင်ဗျားအဲဒီနေရာမှာ ထိုင်ပြီးရေးလို့ ပြောတော့ ဟုတ်တယ်။ ခင်ဗျားပြောတာမှန်တယ်။ ငါလည်းအဲသလို စဉ်းစားမိတယ်လို့ပြောတယ်။ ဒေသတစ်ခုရဲ့အငွေ့အသက်ကို အဲဒီဒေသမှာပဲ ခံစားလို့ရတယ်။ ဥပမာ-ဒေသတစ်ခုကိုရောက်ခဲ့လို့ ပန်းချီကားတစ်ကားမှထိုင်မရေးခဲ့ဘဲနဲ့ ဓါတ်ပုံကိုပြန်ကောက်ပြီး Represent လုပ်ရင် အဲဒီဒေသအခြေ အနေနဲ့ သိပ်နီးစပ်မှာမဟုတ်ဘူး။ ဒါကြောင့် အဲဒီဒေသရဲ့အငွေ့အသက်ကို ကိုယ်တိုင်ခံစားဖူးရမယ် လေ”

ပန်းချီကားကောင်းတစ်ခုဖြစ်လာရန်အတွက် အင်္ဂါရပ်(၅)ချက်ရှိသည်ဟု ပန်းချီပညာရှင်များက ဖွင့်ဆိုသတ်မှတ်ထားခဲ့ကြသည်။ ယင်းတို့မှာ (၁) အလင်းအား(light value)၊ (၂) အနုအရင့်(tone value)၊ (၃) ဆေးသားအရောင်(colour value)၊ (၄) မာမှုပျော့မှု(texture value)၊ (၅) ဆေးသား အထူအပါး(payment value) စသည်တို့ပင်ဖြစ်သည်။ ပန်းချီရွှေမောင်သာမှာ ပန်းချီကားတစ်ခုရေးဆွဲ ရာတွင် ယင်းအင်္ဂါရပ်ငါးခုကို အဓိကအလေးထားရေးဆွဲသည်ဟု ဆိုသည်။

“အတတ်နိုင်ဆုံးကတော့ အဲဒီအင်္ဂါရပ်ငါးခုပါနိုင်အောင်တော့ ကြိုးစားပါတယ်။ နောက်တစ်ချက် က ကိုယ်ပိုင်ဖြစ်အောင်ရေးတယ်။ အင်တာနယ်ရှင်နယ်မှာ သတ်မှတ်ထားတာကလည်း ပန်းချီကား တစ်ခုကို Five value သတ်မှတ်ပါတယ်။ ရေးနည်းရေးဟန်နဲ့မဆိုင်ဘူး။ သို့သော် ဖန်တီးမှု Creation ပိုင်းကျတော့ လွတ်လပ်ရမယ်။ ကြိုက်သလိုရေးပေါ့။ ကျွန်တော့အနေနဲ့ကတော့ ဆေးသားအပေါ်မူ တည်တာမျိုး၊ Composition အပေါ်မူတည်တာမျိုးမဟုတ်ဘဲနဲ့ မြောက်ဦးကကိုယ်ကြိုက်တဲ့ Compose တစ်ခုကိုရေးလိုက်တယ်။ သို့သော် အဆင့်မှီပန်းချီကားတစ်ခုဖြစ်လာဖို့အတွက် အဲဒီ Five value ကို အလေးထားပါတယ်။ ရေးနည်းရေးဟန်နဲ့ပတ်သက်လို့ကတော့ ဆရာသမားတွေသင်ပြထားတာနဲ့ ကိုယ်တိုင်လေ့လာထားတာတွေကို ပေါင်းစပ်ပြီးရေးတယ်”

ပန်းချီရွှေမောင်သာမှာ လွန်ခဲ့သည့် ၂၀၁၁-ခုနှစ်၊ ဇူလိုင်လအတွင်းက ပထမဦးဆုံးအကြိမ်အ ဖြစ် သြစတြေးလျ နှင့် ပြင်သစ်နိုင်ငံများရှိ ကမ္ဘာကျော်ပန်းချီပြတိုက်များသို့ တစ်လကြာသွားရောက် လေ့လာခဲ့သည်။ ယင်းမှာ သြစတြေးလျနိုင်ငံ ဗီယင်နာမြို့ရှိ နာမည်ကျော် Zake ပန်းချီပြခန်းမှ Mr & Mrs Zake တို့၏ဖိတ်ကြားချက်အရ သွားရောက်လေ့လာကြည့်ရှုခွင့် ရခဲ့ခြင်းဖြစ်သည်။ ယင်း၌ Satta, Mura U, Tamsweag, Salzburg မြို့များသို့ လှည့်ပတ်ခဲ့ပြီး ဗီယင်နာမြို့မှ KHM(Kunset Historical Museum)နှင့် Albatina တို့ကို ကြည့်ရှုခွင့်ရခဲ့ပါသည်။

ထို့နောက် ပြင်သစ်ခရီးစဉ်အတွက် Dr Alexandra de Mersam ရခိုင်အမည် သဇင်ဖြူ၏ဖိတ် ကြားချက်အရ သွားရောက်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့ပန်းချီကျော်များဖြစ်ကြသည့် မိုနေး၊ ဗန်ဂိုး၊ ဒေးကား စသူတို့၏ပန်းချီလက်ရာများကို ကြည့်ရှုလေ့လာခဲ့ရသည်။ ယခုခရီးစဉ်မှာ သူ၏ပန်းချီပညာအတွက် အားသစ်လောင်းသည့် ခရီးစဉ်တစ်ခုဖြစ်ကြောင်းလည်း သူကဆိုသည်။

“ကိုယ့်ရခိုင်က ပန်းချီကားတွေဟာ အခုသွားရောက်ခဲ့တဲ့ ဥရောပအတွေ့အကြုံအရ ကြုံခဲ့ရတဲ့ ပန်းချီကားတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အဓိက,က (၂)ပိုင်းရှိတယ်။ (၁) အချက် ဆေးနဲ့ပတ်သက် လို့ (၂) က ဖန်တီးမှု(Creation)နဲ့ ပတ်သက်လို့ပေါ့။ (၁)အချက် ဆေးက ကျွန်တော်တို့နိုင်ငံက ထွက် တဲ့ဆေးမဟုတ်ဘူး။ နိုင်ငံခြားကနေလာတာ။ ဒီမှာက ဈေးပေါပေါ့နဲ့ရတဲ့အတွက် တရုတ်ကလာတဲ့ဆေး တွေကို များသောအားဖြင့် သုံးကြတယ်။ ဒါကြောင့် ဆေးအားဖြင့် ကွာလတီညံ့တယ်။ (၂)အချက်ကျ တော့ သူတို့ဆီမှာရှိတဲ့ အနုပညာသမားဖန်တီးမှုနဲ့ ကျွန်တော်တို့ဆီကအနုပညာသမား ဖန်တီးမှုက ကွာတယ်။ ကွာတယ်ဆိုရာမှာ ကျွန်တော်တို့ဘက်ကသာပါတယ်။ သူတို့ဆီမှာက သူများအကြိုက်ကို လိုက်ပြီး ရေးနေကြတယ်။ ကျွန်တော်တို့ဆီမှာက အဲလိုမျိုးမဟုတ်ပါဘူး။ ကိုယ့်အကြိုက်ကို အနုပညာ ဆန်အောင် ဖန်တီးကြတာပါ။ သူများအကြိုက်မလိုက်ဘူး။ ကိုယ်ချမှတ်ထားတဲ့လမ်းကြောင်းပေါ်ရပ်ပြီး ကိုယ့်အနုပညာကို ကိုယ်ဖန်တီးကြတယ်။ အဲဒီအချက်ကတော့ သူတို့ထက်သာပါတယ်။

နောက်တစ်ချက်နေနဲ့ ကိုယ့်ရခိုင်ကဖန်တီးတဲ့ အနုပညာပစ္စည်းဟာ ကမ္ဘာကိုရင်ပေါင်တန်းနိုင် ပြီလို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခုနကပြောသလိုပဲ ဥရောပမှာ ပေါ်ပင်တွေကများတယ်။ ပန်းချီနဲ့ပတ်သက်ပြီး ပရောဖက်ရှင်နယ်ဘက် ရောက်နေတာကနည်းပါတယ်။ ဒီမှာက ပန်းချီအနုပညာကို ဘ၀နဲ့ရင်းပြီး၊ ဘ၀ကိုနစ်ပြီး လုပ်နေကြတာပဲလေ သူတို့နဲ့ယှဉ်ကြည့်ရင် ပစ္စည်းပစ္စယတွေဟာ ဒီကအဆင့်မမှီဘူးလို့ ပြောလို့ရပေမယ့် ဖန်တီးမှု(Creation)ပိုင်းမှာကျတော့ ဒီကပိုမြင့်ပါတယ်။”ဟု သူ၏ဥရောပအတွေ့အကြုံအရ သုံးသပ်သည်။

သူ၏ပြပွဲနှင့်ပတ်သက်၍ မကြာမီ ဆရာဝင်းဖေမြင့်၊ စိုင်းဝေလျံတို့နှင့် Group Show တစ်ခုကို ရန်ကုန်မြို့ သံလွင်လမ်းထိပ်ရှိ New Treasure Art Gallery တွင် ပြုလုပ်ရန်ရှိသည်ဟု ဆိုသည်။ ယခု ၂၀၁၂-ခုနှစ်အတွင်းတွင်လည်း ရန်ကုန်မြို့ရှိ ပြင်သစ်ယဉ်ကျေးမှုဌာနတွင် မြောက်ဦးမှသည် အမ်း၊ ရန်ကုန်သို့ (Mrauk U, Ann to Yangon)တစ်ကိုယ်တော်ပန်းချီပြပွဲတစ်ခုပြုလုပ်ရန် စီစဉ်ထားပြီးဖြစ် ကြောင်း သူကဆိုသည်။

“ပန်းချီဆိုတာက လူသားတိုင်းခံစားစေနိုင်တဲ့ အနုပညာကြားခံတစ်ခုပါပဲ။ နိုင်ငံတကာကလူ တွေ လာကြည့်ရင်လည်း အဲဒီနေရာဟာ အဲဒါပါပဲ။ ဒီကလူတွေကြည့်ရင်လည်း အဲဒါပါပဲ။ ဘာသာစ ကားချင်းမတူပေမယ့် မျက်လုံးချင်ကတော့ တူတာပဲ။ ခံစားချက်ကတော့ တူချင်မှတူလိမ့်မယ်လေ။ ဒါ ပေမယ့် ခံစားချက်မတူတောင်မှ၊ ဘာသာစကားကွဲပြားတောင်မှ စိတ်ခံစားမှုတော့ တူလိမ့်မယ်လို့တော့ ထင်ပါတယ်။ အဲဒါကြောင့် ပန်းချီဆိုတာ နိုင်ငံတကာနဲ့ပတ်သက်ပြီး ကြားခံဘာသာစကားတစ်ခုလည်း ဖြစ်ပါတယ်။

နောက်တစ်ချက်က ပန်းချီဆိုတာ ကိုယ်ရောက်ဖူးတဲ့နေရာတစ်ခု၊ ဒါမှမဟုတ် ကိုယ်ခံစားခဲ့ဖူး တဲ့နေရာတစ်ခုကို တခြားလူတွေခံစားနိုင်အောင် Represent လုပ်တာပဲ။ အဲဒါဟာ Realism ဖြစ်ချင် ဖြစ်မယ်။ Impression ဖြစ်ချင်ဖြစ်မယ်။ Expression ဖြစ်ချင်ဖြစ်မယ်။ ကိုယ့်ရဲ့အတတ်ပညာနဲ့ အနုပညာလိုင်းကနေ ပြန်ခံစားစေတာဖြစ်တယ်။ ရှင်းရှင်းပြောရရင် ကိုယ့်အခြေအနေတစ်ခု၊ ကိုယ့်ခံ စားချက်တစ်ခုကို လူတကာမျှဝေခံစားလို့ရအောင် အလုပ်လုပ်နေတာလို့ ပြောလို့ရတယ်။”

‘အနုပညာအလုပ်ဟာ ထမင်းစားရေးအလုပ်ထက် လေးနက်တယ်’ဆိုသည့်စကားမှာ သူ့ခံယူ ချက်၊ သူ၏လက်သုံးစကားဖြစ်သည်။ သူ၏ဘ၀ကိုခြုံကြည့်လိုက်လျှင် သူသည် ဘ၀တစ်လျှောက်လုံး ပန်းချီနှင့်ရူးသွပ်လာခဲ့သူဖြစ်သည်။ ပန်းချီသည် သူ့ဘ၀အတွက် တန်ဖိုးအထားဆုံးဖြစ်ခြင်း၊ ပျော်မွေ့ ခြင်း၊ ပြီးပြည့်စုံခြင်းတို့နှင့် ပြည့်စုံသောအရာဖြစ်သည်။ ထို့အပြင် ပန်းချီဟူသည် သူ၏ဘ၀၊ သူ၏အ သက်ဖြစ်သည်။ ပန်းချီနှင့်သူသည် ခွဲခြား၍မရသောအရာလည်း ဖြစ်သည်။ သူ၏ဘ၀၊ သူ၏ကမ္ဘာလေး ကို ပန်းချီဖြင့်ပင်တည်ဆောက်ထားသည်။

“ကျွန်တော်ကတော့ ပန်းချီပဲရေးသွားမယ်။ ဘ၀မှာ ဒါကိုဇောက်ချလုပ်မယ်လို့ ဆုံးဖြတ်လိုက် ကတည်းက သေအောင်ထိပန်းချီရေးသွားမယ်။ ငွေရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ရေးကိုရေးသွား မယ်။ ကိုယ်ခံစားမိတဲ့ ခံစားချက်တွေကို ခုမဟုတ်တောင်မှ နောက်လူတွေခံစားစေချင်တယ်။ အဲဒီခံစား ချက်နဲ့ပဲ ကိုယ်လေ့လာထားတဲ့၊ ကိုယ်တတ်ထားတဲ့ ဒီပန်းချီနဲ့ပတ်သက်လို့ အကြောင်းအရာအချက် အလက်တွေကို စာရေးထားခဲ့မယ်။ ကျွန်တော်ဟာ ပန်းချီနဲ့ပန်းချီထဲမှာပဲ ဘ၀တစ်ခုလုံးနေသွားမယ်”

အဲသည်နေ့က မိမိတို့နှစ်ဦးမှာ သူ့ကိုနှုတ်ဆက်ပြီး ထွက်လာကြတော့ သူနှင့်သူ့ကမ္ဘလေးဖြစ် သည့် ပန်းချီပြခန်းလေးမှာ မြောက်ဦးမြို့ရှိ အထင်ကရဘုရားပုထိုးများနောက်ကွယ်၌ တရိပ်ရိပ်ဖြင့် ကျန်ရစ်ခဲ့လေသည်။

                                                                           

                                                                                  မင်းသိမ်းသြင်(အဉ္ဇန)

                                                                                January 8, 2012

By: ၀ံလက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (ရခိုင်ပြည်)

No comments:

Post a Comment

Note: only a member of this blog may post a comment.

back to top