အားလုံး မင်္ဂလာပါ.... လာရောက်လည်ပတ်တေ လူတိအားလုံးကို ဝမ်းမြောက်ဝမ်းသာနန့် ကြိုဆိုပါရေ...
ပင်မစာမျက်နှာ
သတင်း
ရခိုင်သတင်း
မိုးလေဝသ
မီဒီယာ
ဓါတ်ပုံ
ဗီဒီယို
အထွေထွေ
ဆောင်းပါး
ရခိုင်ဆောင်းပါးများ
ဝတ္ထု
အင်္ဂလိပ်စကားပြော သင်္ခန်းစာများ
သမိုင်း
ရခိုင်သမိုင်း
ရခိုင်စာအုပ်များ
မြန်မာသမိုင်း
လုပ်ဆောင်ချက်
ဆက်သွယ်ရန်
Tuesday 22 May 2012
ဗြာဟ္မဏရာဇာ နှင့် ခတ်(အိပ်ကုဒင်)(၃၃)လုံး
ဝေသာလီမြို့နှင့် မနီးမဝေး တခုသော သရက်တောအုပ်ကို မှီလျှက် သက်ကြီးသူအို လင်မယား သည် တောင်ယာ အလုပ်ဖြင့် အသက်မွေးကြလေသည်။ အသက်အရွယ်ကို ထောက်၍ သစ်ကြီး အုံကြီးကို မခုတ်နိုင် မလုပ်နိုင် သဖြင့် မြို့နှင့် မနီးမဝေးဖြစ်သော လူအများက မြို့ပျက်ဟု သမုတ်ပြောဆိုကြသော
တခုသော ဖုန်းဆိုးမြေကို တောင်ယာ ခုတ်ကြလေသည်။ ယာခုတ်ခြင်း၊ မီးရှို့ခြင်း၊ ကြွမ်းခွေခြင်း၊ ကောက်ချခြင်း၊ ပေါင်းနုတ်ခြင်း စသည့် ယာလုပ်ငန်းတို့ကို လုပ်ကိုင် ရင်းဖြင့် ဖူးရာမှငုံ၊ ငုံရာမှ ထွက်ကာ စပါးတို့ ရင့်မှည့်လာလေသည်။ စပါးရင့်မှည့်သည့် အတွက် စပါးကို စားသော ကျေးငှက် တိရိစ္ဆာန်တို့သည် အရှိုအရှို ရောက်ရှိလာကြလေသည်။ ထို့ကြောင့် ၀ါကြီး(အဖိုးအို)နှင့် ၀ါကြီးမ(အဖွားအို) လင်မယားသည် ယာ၏ အမြင့်ဆုံးသော အလယ်ဗဟို အရပ်တွင် လင့်စင်ဆောက်လျှက် အရပ်လေးမျှက်နှာ၌ စာခြောက်ရန် ၀ါးလက်ခုတ်များ တပ်ဆင် ကြလေသည်။ ထိုဝါး လက်ခုတ်များကို ကြိုးသွယ်လျှက် စာခြောက် လင့်စင်၏ အလယ်ဗဟိုတွင် ကြိုးစကိုထားကာ တချက်ဆွဲရုံဖြင့် ၀ါးလက်ခုတ်လေးခုစလုံး တပြိုင်တည်း မြည်အောင် ပြုလုပ်ထား လေသည်။
တနေ့သော နံနက်စောစော အခါ၌ နေရောင်နှင့်အတူ ကျေးငှက်တို့သည် တောင်ယာသို့ စပါးစားရန် ရောက်ရှိ လာကြလေသည်။
သူအို (၀ါကြီး)။ ။ ရှင်မ စာတကောင် တမြည်း လာသည် လား၍ဟော (စာခြောက်) ဟုဆို၏။
သူအိုမ(၀ါကြီးမ)။ ။ ကောင်းပါ၏ အရှင်ကြီးဟု ၀န်ခံလျှက် တုတ်တချောင်းကို ထောက်၍ကိုင်ကာ နှုတ် မှလည်း လုပ်ဖို့ခါကားမလာ စားဖို့ခါရာ လာသည်ဟု မြည်တွန်ပြီးလျှင် စာခြောက် လင့်စင်ပေါ်သို့ တက်သွားလေသည်။ စာခြောက် လင့်စင်ပေါ်မှ နေ၍ ယာတခုလုံးကို မျှော်ကြည့်လေလျှင် ကျေးငှက် တိရိစ္ဆာန် တို့သည် အုပ်စုဖွဲ့၍ စပါးစားရန် လာနေကြသည်ကို မြင်ရလေသည်။ ထိုခဏအတွင်း၌ပင်လျှင် ယာသည် ကျေးငှက်တို့ အသံကြောင့် ဆူညံနေလေသည်။ သူအိုဝါကြီးမသည်လည်း လေးဘက် လေးတန်မှ ကျေးငှက်တို့ကို အော်လိုက်မည်၊ ဆဲလိုက်မည်၊ ဆိုလိုက်မည်ဟု အားခဲလျှက် ကြိုးစကို ကိုင်လိုက်သည်နှင့် အမျှ အမျှ အမျှ ဟူ၍သာ နှုတ်မှ ထွက်သွားလေသည်။ ၀ါကြီးမ၏ အမျှဝေသံကို ကြားရသော ၀ါကြီးမှာ ဒေါသလွန်စွာ ထွက်လျှက် ဟေ့မြုပ်နင်းမ နင့်သားသမီး နင့်မိဘ နင့်အမျိုး မှတ်သလောဟု ဆဲဆိုလေသည်။ ကျေးငှက်တို့သည် စပါးနှံများကို စားသောက် ကိုက်ချီ ယူဆောင်လျှက် အသီးသီး ပျံသန်းသွား ကြလေ သည်။ ၀ါကြီးမသည်လည်း စာခြောက် လင့်စင်ပေါ်မှ ဆင်း၍ ယာတဲအတွင်းသို့ ၀င်ရောက် လာလေသည်။
သူအို(၀ါကြီး)။ ။ ရှင်မ အဘယ်သော အကြောင်းကြောင့် စာမဟောဘဲ အမျှဝေရသနည်းဟု မေးလေ၏။
သူအိုမ(၀ါကြီးမ)။ ။ အရှင်ကြီး ငါသည် ကြိုးကိုကိုင်၍ အော်လိုက်မည် ဆဲလိုက်မည်ဟု ကြံစဉ်တွင် အမိတ် တိရိစ္ဆာန်တို့ကို သားသမီးတမျှ ချစ်ခင်သော မေတ္တာစိတ်သည်သာလျှင် ဖြစ်လာသည့်အတွက် အမျှ ဝေမိခြင်း ဖြစ်ပါသည်၊ ခွင့်လွတ်ပါ အရှင်ကြီးဟု တောင်းပန်စကားကို ဆိုလေသည်။ အဖိုးအို ၀ါကြီး သည်လည်း နောက်တနေ့ ငါဟောမည်ဟု ကြုံးဝါးလျှက် ဓါးကို ဖြူဖွေးနေအောင် သွေးကါ နေလေ တော့သည်။
နောက်တနေ့ နံနက်စောစော နေရောင်နှင့်အတူ ကျေးငှက်တို့သည် ယမန်နေ့ကထက် များစွာ ရောက်ရှိ လာကြလေသည်။ တောင်ယာသည် ကျေးငှက်တို့၏ အသံကြောင့် ဆူညံနေလေသည်။ ထိုအခါ ၀ါကြီးမ၏ မေ့ငေါ့ပြမှုကြောင့် ၀ါကြီးမှာ သွေးထားသော ဓါးကိုကိုင်ကာ ငှက်များကို ခုတ်မည့် ဟန်သို့ ပြုလျှက် ယာတဲမှ စာခြောက် လင့်စင်ပေါ်သို့ အပြေးအလွှား တက်ရောက် သွားလေသည်။ အမော တကောဖြင့် စိတ်မှ ခွေးတိရိစ္ဆာန် နင့်မိ နင့်ဖ လုပ်ထားသော ယာဖြစ်၍ စားသလောဟု စိတ်မှ မှတ်ဆို၍ ဓါးကို ညာလက်ဖြင့် တင်းနေအောင် ဆုပ်၍ ဘယ်လက်ဖြင့် ကြိုးစကို ကိုင်ကာ ဆဲလိုက်မည် ဆိုလိုက်မည် ငေါက်လိုက်မည် အော်လိုက်မည်ဟု ကြံစဉ်တွင် ကိုင်ထားသောဓါးသည် လွတ်ကျလျှက် အမျှ အမျှ အမျှ ဟူ၍သာ နှုတ်မှထွက်သွား လေသည်။ ၀ါကြီးသူအို၏ အမျှဝေသံကို ကြားသောအခါ ၊
သူအိုမ (၀ါကြီးမ)။ ။ အို ရှင်ဝါကြီး ကိုယ့်အမျိုး စားရေကားယေ မဟောကား ဟူ၍ ခေါင်းခေါက်ချ အပြစ်တင် ပြောဆိုလေသည်။ ကျေးငှက်တို့သည် စားသည်ကိုစား ယူဆောင်သည်ကို ယူဆောင်လျှက် အသီးသီး ပျံသန်း သွားကြလေသည်။ ကျေးငှက်တို့ ပျံသန်းသွားပြီးနောက် ၀ါကြီးအို သည်လည်း ခေါင်းငိုက် ဆိုက်ဖြင့် ဓါးကိုကိုင်ကာ လင့်စင်မှ ယာတဲရှိရာသို့ ဆင်းလာလေသည်။
သူအို(၀ါကြီး)။ ။ ရှင်မ စိတ်မဆိုးနှင့် ငါစာဟောမည်ဟု ကြံစဉ်မှာပင်လျှင် ကျေးငှက်တို့ကို သားသမီး တမျှ ချစ်ခင်သော မေတ္တာစိတ်သည်သာ ဖြစ်လာသည့်အတွက် အမျှဝေမိ၏။ ဤသို့ တရံ တခါမျှ မတွေ့ကြုံစဘူး ထူးဆန်းလှသည်ဟု ရေရွတ် ပြောဆိုလေသည်။ ၀ါကြီးနှင့်ဝါကြီးမ သူအို လင်မယားသည် စာခြောက်လင့်စင်ပေါ်မှ နေ၍ စာဟော စာခြောက်၍ မရသဖြင့် ယာပြင်ကို လျှောက်၍ သာလျှင် စာခြောက် စာဟော စာမောင်း စာနှင်နေရလေသည်။
တယောက်စကါး တယောက်နားဖြင့် ရပ်နီးရွာသားတို့သည်လည်း ယာတွင်လာ၍ လင့်စင်ထက်မှ နေ၍ စာဟော စာမောင်း စာခြောက်ကြည့်ကြ၏။ မရ။ အမျှ မောတ္တာ ဝေ၍သာ ပြန်သွား ကြလေသည်။ ဝေသာလီမြို့နေ ယာသည် လယ်သည် ကုန်သည် မင်းမှုထမ်းတို့သည်လည်း ဟုတ်မဟုတ် မှန်မမှန်ကို သိလို၍ ယာတွင်လာ၍ လင့်စင်ထက်မှ နေ၍ စာဟော ကြည့်ကြ၏။ မရ။ အမျှမောတ္တာ ဝေ၍သာလျှင် ပြန်သွားကြလေသည်။
သူအို လင်မယားသည် လူတကါတို့၏ အကြံညာဏ်ကို ယူ၍ ထူးဆန်းသည့် ယာအကြောင်းကို ဝေသာလီပြည်ကို အစိုးရသော ဗြာဟ္မဏရာဇာမင်းထံ တိုင်တန်းစကါးကို လျှောက်ဆိုလေသည်။
သူအို(၀ါကြီး)။ ။ ဟားလား အရှင်ပုဏ္ဏားဇရမင်းမြတ် အကျွန်ချေ ယာတွင် စာဟော၍ မရပါ အရှင်၊ အမျှမေတ္တာ ဝေဖို့သာလျှင် ရပါ၏၊ ကျီး စာ စား၍ ၀မ်းစာမရလျှင် မိုးတွင်း၌ အစားဆန်ရေရှား၍ အကျွန်ချေ လင်မယား ဒုက္ခ ရောက်ဖွယ်ရာသာ ရှိပါသည် အရှင်မင်းကြီး၊ ဟု တိုင်တန်းလျှောက်တင် လေသည်။ ရက္ခပူရတိုင်းပြည် ဝေသာလီမြို့ကိုအစိုးရသော ဗြာဟ္မဏရာဇာ မင်းကြီးသည်လည်း မကြားဖူးစကား ကားဟု ဆိုလျှက် ကိုယ်တိုင်လာ၍ ယာတွင် စာဟောလေသည်။ မရ။ အမျှမေတ္တာ ဝေ၍သာလျှင် ပြန်သွား လေသည်။ ဗြာဟ္မဏရာဇာ မင်းကြီးသည် ညီလာခံတွင် သူအိုလင်မယား၏ ယာအကြောင်းကို ဟူးရားတတ် သုခမိန် တို့အား မေးမြန်းလေသည်။
ရာဇာ။ ။ သုခမိန် ဟူးရားတတ် ပရောဟိတ်တို့ သူဆင်းရဲယာတွင် စာဟော၍မရသည်မှာ အသို့နည်း ဟု မေးလေသည်။
သုခမိန်။ ။ အရှင် ဗြာဟ္မဏရာဇာ မင်းမြတ် ရှေးက ဤနေရာသည် လောကီ လောကုတ် နှစ်လီသော အကျိုးကို ဆောင်သော သူတော်ကောင်း သူမြတ်လောင်းတို့ နေထိုင်ခဲ့ရာ အရပ် ဖြစ်ခဲ့ပါလိမ့်မည် အရှင်၊ ဤနေရာကို လူအပေါင်းတို့က မြို့ပျက်ဟုလည်း သမုဒ်ကြပါသည် အရှင်၊ တူးဖေါ်၍ ကြည့်မှသာလျှင် အလင်းကို သိရပါမည် အရှင်၊ ဟုလျှောက်ကြ၏။ ဗြာဟ္မဏရာဇာ မင်းကြီးသည်လည်း သူအိုလင်မယားအား တသက် ပါတ်လုံး မင်းဘဏ္ဍာကို စားစေလေသည်။ ထိုယာကို ဝေသာလီမြို့သူ မြို့သားတို့သည် ရသမျှ စပါးတို့ကို ရိတ်သိမ်း ပြီးနောက် မင်းအမိန့်ဖြင့် မင်းဘဏ္ဍာကိုစားလျှက် နေ့ညမပြတ် တူးကြလေလျှင် ခန့်ခန့် ညားညား တည်ဆောက် ထားသော ရှေးဟောင်း နန်းတော်ပျက်ကြီး တခုကို တွေ့ရှိကြလေသည်။ ထိုနန်းတော်ကြီး၏ အခန်းပေါင်း (၃၃) ခန်းတွင် အလွန်လှပသော ခတ်(အိပ်ကုတင်) ၃၃ လုံးကို တွေ့ရှိကြလေသည်။ ခတ် ၃၃ လုံးသည် ပုံပန်းသဏ္ဍာန်အားဖြင့် တူသော်လည်း တလုံးနှင့်တလုံးမှာ ကြည့်လေ မတူလေဖြစ်၏။ ပြောင်လက် နေသော ခတ်မှာ သစ်သားဟု ထင်ရသော်လည်း သစ်သား မဟုတ်မူ၍ မည်သည့်အရာကို လုပ်ထားသည်ဟု မည်သူမျှ အတတ် မပြောနိုင်ဘဲရှိ၏။ ခတ်ကို လုပ်ထားပုံမှာလည်း အဆက် အစပ် မရှိ၊ သွန်းထား သည်နှင့်သာ တူလေသည်။ ခတ်၏ အရွယ်အစားမှာ အလျား ၅ တောင်၊ အနံ ၄ တောင်ရှိလေသည်။ သမန်ကာ ရှန်ကာ ကြည့်လျှင် တသားတည်း တရောင်းတည်း သာလျှင် မြင်ရ လေသည်။ စူးစိုက်၍ စေ့စေ့ကြည့်မှ သာလျှင် ဗြာဟ္မာဘုံ၊ နတ်ဘုံနှင့်တကွ နဂါး ကဠုန် ဂုမ္ဘာန်ယက္ခ ဂန္ဓပ္ပနှင့် ချူးပန်း ချူးနွယ် အဆင့်ဆင့် အသွယ်သွယ် ပင်လယ် သမုဒ္ဒရာ တောတောင် သက်ရှိတို့ကို ပကတိ အတိုင်း မြင်ရလေသည်။ ရှေးဟောင်း နန်းတော်ပျက်ထဲမှ ထူးဆန်းသော ခတ် ၃၃ လုံးကို ရထား ၃၃ စီးဖြင့် ဆောင်ယူလာပြီးနောက် နန်းတော်တွင် တခန်းတလုံးကျစီ ထားရှိလေသည်။ ခတ်၏ မူလအကြောင်း ဇစ်မြစ်ကို သိလိုသော ဗြာဟ္မဏရာဇာမင်းသည် ဟူးရားတတ် သုခမိန်တို့ အခါပေးသော မူလစန်းနှင့် တနင်္ဂနွေ ခေါက်(ကသစ်) တနင်္ဂနွေ ရာဇယုဂ်(တြိဂုဏ်း) ရသော ကြာသပတေး နေ့တွင် ခတ်စံရန် စီမံလျှက် ရှိနေလေသတည်း။
By:
Arakanese Group
No comments:
Post a Comment
Note: only a member of this blog may post a comment.
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
Note: only a member of this blog may post a comment.