အားလုံး မင်္ဂလာပါ.... လာရောက်လည်ပတ်တေ လူတိအားလုံးကို ဝမ်းမြောက်ဝမ်းသာနန့် ကြိုဆိုပါရေ...

Thursday, 17 May 2012

မြောက်ဦး


ရှေးရခိုင် တွေဟာ ကောင်းမှု ကုသိုလ် မှတ်တမ်းကို ဂုပ္တ အက္ခရာကို သုံးပြီး သက္ကတ ဘာသာနဲ့ ရေးထိုး ခဲ့ကြတယ်။ ရှေးအက္ခရာ လေ့လာရေး ပညာ အရ ခေတ်ဦး ရခိုင် ကျောက်စာ တွေဟာ ခရစ် ၆ ရာစု နှစ်ဦးက ဖြစ်တယ်လို့ ဆုံးဖြတ်တယ်။ ကျောက်စာ တွေကို ကျောက်ဖြူ၊ စစ်တွေနဲ့ သံတွဲမှာ တွေ့ရှိပါတယ်။ ဒီအရပ် တွေဟာ အခုခေတ် မှာလို ရှေးကလည်း လူနေ များတဲ့ အရပ်တွေ ဖြစ်ပါတယ်။ လူတွေက တိဗက် - မြန်မာ စကား အနွယ်ဝင်တွေ အမှန် ဖြစ်တယ်။ ဒါပေမဲ့
သူတို့ဟာ မြန်မာတွေ မြန်မာနိုင်ငံ အတွင်းကို ဝင်မလာမီ ကပဲ ရခိုင်ကို ရောက်ရှိ နေပြီလို့ ပြောနိုင်တယ်။ ရခိုင် ဒေသကို အိန္ဒိယ ဘက်က ဝင်တယ်လို့ ယူဆ နိုင်စရာ ရှိပါတယ်။

ရခိုင်မှာ အစောဆုံး နေထိုင် သူတွေက တိဗက် - မြန်မာ အနွယ်ဝင်တွေ ဖြစ်ပေမဲ့ အဲဒီ လူတွေဟာ မြောက်အိန္ဒိယ ဓလေ့ တွေကို နှစ်သက် စွဲလမ်းသူ များတယ်။ တိုင်းပြည် အုပ်ချုပ်တဲ့ မင်းတွေက စဏ္ဍန္ဒ ဆိုတဲ့ ကုလားဘွဲ့ကို ခံယူ ကြတယ်။ လမ်းဖောက်၊ ဆည်မြောင်းသွယ် စတဲ့ အလုပ် တွေကို အားပေး လုပ်ဆောင် ခဲ့တယ်။ အပေါ်ပုံမှာ ဖော်ပြ ခဲ့သလို သီဝနတ်ကွန်း ပုံစံငယ် ရှေ့မှာ ဘုရင်နဲ့ မှူးမတ်တွေ ဆောက်လုပ်ရေး ဘယ်လို စမယ်လို့ ဆွေးနွေး တိုင်ပင် ကြပါတယ်။

မြောက်ဦး (ခေါ်) မြို့ဟောင်းနားက ဝေသာလီ စဏ္ဍန္ဒ မင်းဆက်ဟာ ၄ ရာစုနှစ်က စပြီး အုပ်စိုး ခဲ့တယ်။ မြို့ဟောင်းရဲ့ ရှစ်သောင်း ဘုရားမှာ တွေ့တဲ့ အာနန္ဒစဏ္ဍန္ဒ ကျောက်စာဟာ ခရစ် ၈ ရာစု နှစ်ဦးက ဖြစ်တယ်။ ကျောက်စာမှာ မင်းဆက်ရဲ့ ဘုရင် အချို့ ဘွဲ့အမည် တွေကို တွေ့ရှိ ရတယ်။ ဒီစာရင်း အရ ဒေဝစဏ္ဍန္ဒဟာ မင်းဆက်ရဲ့ အစ ရှင်ဘုရင် ဖြစ်တယ်။ ဒီမင်းတွေဟာ ကြင်နာ သနား တတ်တယ်။ ပေးကမ်းတဲ့ နေရာမှာ ရက်ရောတယ်။ တရား မျှတတယ်လို့ ကျောက်စာမှာ ဖော်ပြ ပါရှိတယ်။ လမ်းပန်း အဆက်အသွယ် ကောင်းဖို့ လမ်းမကြီးတွေ ကိုလည်း ဂရုစိုက်ပြီး ဖောက်တယ်။ လယ်မှာ ရေကောင်းကောင်း ရဖို့ ဆည်ကြီး တွေကို ဆောက်လုပ်တယ်။ သူတို့ဟာ ဗြာဟ္မဏ အယူဝါဒ သီဝနတ်မင်းကို ကိုးကွယ် သူတွေ ဖြစ်တယ်။ မင်းတပါး နန်းတက်တိုင်း အထိမ်းအမှတ် ဖြစ်ရ လေအောင် ပိုက်ဆံ အဖြစ် သုံးစွဲရ လေအောင် ဒင်္ဂါးတွေကို သွန်းတယ်။ အစောဆုံး ဒင်္ဂါးက ဒေဝစဏ္ဍန္ဒ (ခရစ် ၄၅၄ - ၇၆) ရဲ့ ဒင်္ဂါး ဖြစ်တယ်။ မဟာယာန ဗုဒ္ဓ သာသနာကို ခရစ် ၆ ရာစု နှစ်ဦးမှာ ပြောင်းဝင် လာတယ်လို့ ခန့်မှန်း နိုင်ပါတယ်။

ခရစ် ၆ ရာစု ကုန်းဆုံးတဲ့ အခါ နိုင်ငံရေး မတည်မငြိမ် ဖြစ်ပြီး ပထမ စဏ္ဍန္ဒ မင်းဆက် ပျက်တယ်။ မဟာဝီရ အမတ်ကြီးက ငြိမ်အောင် ထိန်းလို့ သူ့ကို မင်းမြှောက်တယ်။ သူ့ကို မင်းခြောက်ပါး ဆက်ခံတယ်။ အဲဒီနောက် ခရစ် ၇၀၄ မှာ ဒုတိယ စဏ္ဍန္ဒ မင်းဆက် စတယ်။ အဲဒီ အချိန် လောက်မှာ ရခိုင်ဟာ သီရိလင်္ကာ (သီဟိုဠ်ကျွန်း) နဲ့ ဓလေ့ ဖလှယ် ခဲ့ကြတယ်။ အဲဒါကြောင့် ဟိနယာန ဗုဒ္ဓ သာသနာ ဝင်တွေ ဖြစ်လာ ပါတယ်။ ဒါပေမဲ့ လူတိုင်း မိမိ နှစ်သက်ရာ ဘာသာကို ကိုးကွယ် ယုံကြည်ခွင့် ရပါတယ်။ ဆိုလိုတာက ဗြာဟ္မဏ အယူဝါဒကို ယုံကြည် သူတွေနဲ့ ဗုဒ္ဓ ဝါဒကို ယုံကြည်သူတွေ ပါရှိပြီး တဦးကို တဦး ရန်မပြုဘဲ အကြည်အသာ အတူတကွ နေထိုင် ခဲ့ကြပါတယ်။

ရခိုင် ခေတ်ဦးက ငွေဒင်္ဂါးပြား ပေါ်မှာ ခတ်နှိပ် ထားတဲ့ ဘွဲ့နာမည် တွေက ဒေဝစဏ္ဍန္ဒ (ခရစ် ၄၅၄ - ၄၇၆)၊ နိတိစဏ္ဍန္ဒ (ခရစ် ၅၂၀ - ၅၇၅)၊ ဝိရျစဏ္ဍန္ဒ (ခရစ် ၅၇၅ - ၅၇၈)၊ ပရိတိစဏ္ဍန္ဒ (၅၇၈ - ၅၉၀)၊ ပတွိစဏ္ဍန္ဒ(ခရစ် ၅၉၀ - ၅၉၇)၊ ဒတိစဏ္ဍန္ဒ (ခရစ် ၅၉၇ - ၆၀၀)၊ ဓမဝိဇယ (ခရစ် ၆၆၅ - ၇၀၁) နဲ့ ဓမစဏ္ဍန္ဒ (ခရစ် ၇၀၄ - ၇၂၀) တို့ ဖြစ်တယ်။ ဒင်္ဂါး မျက်နှာ ဘက်မှာ ဒေဝ နာမည် တခုတည်း ပါတဲ့ ငွေဒင်္ဂါးဟာ စစ်တောင်းမှာ တွေ့တဲ့ ဒင်္ဂါးနဲ့ အများကြီး တူနေတယ်။ စစ်တောင်း ဒင်္ဂါးက မျက်နှာဘက်မှာ ခရုသင်းနဲ့ ပုလဲ စက်ဝန်း ရှိတယ်။ ကျောဘက်မှာ သိရိဝဈနှင့် အကုင်္သ (ဆင်ချွန်း) ပါတယ်။ ဒီ လှံ သင်္ကေတဟာ သီဝ နတ်မင်းနဲ့ ဆိုင်တယ်။ ဆိုလိုတာက ရှေးရခိုင် တွေဟာ နတ်မင်း နှစ်မျိုးကို ရောပြီး တပေါင်းတည်း ကိုးကွယ်မယ် ထင်ရတယ်။ ဒါပေမဲ့ ဗိဿနိုးရဲ့ တံဆိပ် လက္ခဏာ ဖြစ်တဲ့ သင်္ခ (ခရုသင်း) နဲ့ သီဝ နတ်မင်းရဲ့ တံဆိပ် လက္ခဏာ ဖြစ်တဲ့ တြိသုလကို တွဲပြီး ထားတဲ့ ဒင်္ဂါးမျိုးဟာ ထူးထူးခြားခြား တပြားတည်း တွေ့ဖူး ပါတယ်။ တခြား ဒင်္ဂါး တွေမှာ နန္ဒီ (နွား) က မျက်နှာဘက်၊ တြိသုလ (လှံဆူး သုံးခွ) က ကျောဘက်မှာ ခတ်နှိပ်မြဲ ဖြစ်ပါတယ်။ ဒီနွားနဲ့ လှံဟာ သီဝ နတ်မင်းနဲ့ တံဆိပ်တွေ ဖြစ်တယ်။ နွားရဲ့ လည်မှာ ပန်းကုံး စွပ်ထားတယ်။ နွားရဲ့ ကိုယ်ပေါ်မှာ ဂုပ္တ အက္ခရာနဲ့ ဒင်္ဂါး သွန်းတဲ့ မင်းရဲ့ ဘွဲ့နာမည်ကို ဖော်ပြမြဲ ဖြစ်တယ်။ နွားရုပ်နဲ့ မင်းရဲ့ ဘွဲ့တော်ကို ပုလဲ စက်ဝန်းနဲ့ ဝိုင်းပြီး ထားပါတယ်။ နောက်ကျောမှာ တြိသုလ (လှံဆူး သုံးခွ) ရဲ့ အထက်မှာ နေရုပ် လရုပ်နဲ့ အရွက် ငါးရွက် ပါတဲ့ သစ်ခက်တန်း နှစ်တန်းကို ဝဲယာက ချထားတယ်။ အောက်ခြေမှာ ပုလဲ ခုနစ်လုံးတန်း ရှိတယ်။ အားလုံးကို ပုလဲ စက်ဝန်းနဲ့ ဝိုင်းရံ ထားပါတယ်။ ဒင်္ဂါး တမျိုးနဲ့ တမျိုး အနည်းငယ် ကွာခြား ပေမယ့် ရခိုင်ခေတ်ဦး ဒင်္ဂါး တွေဟာ အားလုံးလိုလို နွား၊ လှံဆူး သုံးခွ အရုပ်တွေ ပါမြဲ ဖြစ်ပါတယ်။

ရခိုင် ခေတ်ဦး ဒင်္ဂါး တွေမှာ အခုခေတ် ကျပ်သုံး ဒင်္ဂါး အရွယ်၊ ငါးမူးစေ့ ဒင်္ဂါး အရွယ်၊ မတ်စေ့ ဒင်္ဂါး အရွယ် စတဲ့ အရွယ် အမျိုးမျိုး ရှိတဲ့ အတွက် ပိုက်ဆံ အဖြစ် သုံးတယ်လို့ ယူဆ နိုင်တယ်။ ဒါပေမဲ့ ကိုးကွယ် ယုံကြည်မှု ဆိုင်ရာ တံဆိပ် လက္ခဏာတွေ ပါနေ သေးတဲ့ အတွက် မင်းက အစ ပြည်သူတွေပါ ကိုးကွယ်တဲ့ အယူဝါဒ နဲ့လည်း ပတ်သက် နေသေးတယ်။ ဒင်္ဂါး သွန်းလုပ်တဲ့ မင်းရဲ့ ဘွဲ့နာမည်ကို မျက်နှာဘက်မှာ တွေ့ရတယ်။ အစောဆုံး မင်းရဲ့ ဘွဲ့နာမည်က ခရစ် ၅ ရာစု နှစ်လယ်က အုပ်စိုးတဲ့ ဒေဝ စဏ္ဍန္ဒမင်း ဖြစ်ပါတယ်။

Internet မှာ တွိရရေ ဆောင်းပါးတစ်ပုဒ်ကို ထပ်ဆင့်မျှဝီလိုက်စွာ ဖြစ်ပါရေ.....

အပြည့်အစုံကိုဖတ်ချင်ကေ ဒေမှာ ဖတ်နိုင်ပါရေ...

No comments:

Post a Comment

Note: only a member of this blog may post a comment.

back to top